×

MPT က နိုင်ငံတစ်ဝန်း ဒီဂျစ်တယ်ပညာရေးအစီအစဉ်၏ ၆ ကြိမ်မြောက် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

09 Aug 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၈ ရက် ) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်ဖြင့် ကွန်ပျူတာနည်းပညာ ကျွမ်းကျင်မှုသင်တန်းများ၏ နောက်ဆုံးအသုတ်သင်တန်းများ အောင်မြင်စွာ ပြီးဆုံးသည့် အထိမ်းအမှတ်အဖြစ် သင်တန်းဆင်းပွဲ အခမ်းအနားကို ရန်ကုန်မြို့ရှိ၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ကျင်းပပြုလုပ်ခဲ့သည်။ ယခုအကြိမ် သင်တန်းဆင်းပွဲတွင် အောင်မြင်ခဲ့သည့် သင်တန်းသား စုစုပေါင်း ၂,၀၀၀ ကျော်ရှိခဲ့ကာ MPT အနေဖြင့် အင်တာနက်ချိတ်ဆက်ပေးခြင်းနှင့် ကွန်ပျူတာပြုပြင် စရိတ်များအပါအဝင် ယခုနှစ်အတွက် ကွန်ပျူတာ ဆရာဖြစ်သင်တန်းသားများကိုလည်း ဤအစီအစဉ်ပြီးမြောက်သွားသည့် ကျောင်းသား၊ ကျောင်းသူများအတွက် သင်တန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

MPT ၏ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ် ပြုလုပ်သည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံတစ်ဝန်းရှိ အခွင့်အလမ်းနည်းပါးလှသည့် လူငယ်လူရွယ်များကို ကွန်ပျူတာကျွမ်းကျင်မှု နည်းပညာရပ်များ သင်ကြားပို့ချပေးနိုင်ရန် ဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့သည့် ဤသင်တန်း အစီအစဉ်သို့ နိုင်ငံတစ်ဝန်းမှ သင်တန်းသူ၊ သင်တန်းသားပေါင်း ၃,၈၀၀ ကျော်တို့က မိမိတို့၏ ဘဝရှေ့ရေးအတွက် အရေးပါပြီး အထောက်အပံ့ဖြစ်စေနိုင်သည့် ကွန်ပျူတာ နည်းပညာများကို တက်ရောက် သင်ကြားခဲ့ကြပြီးဖြစ်သည်။ ဤသင်တန်းများအတွက် MPT အနေဖြင့် laptops ကွန်ပျူတာ အလုံး ၃၀၀၊ အင်တာနက် ကွန်ရက်ချိတ်ဆက်မှု၊ အင်တာနက်ချိတ်ဆက်မှုအတွက် လိုအပ်သည့် ဆက်စပ်ပစ္စည်းတို့အပြင် သင်တန်းသား အားလုံး လုံလောက်စွာသင်ကြားနိုင်ရန် သင်တန်းဆရာ၊ ဆရာမများကိုလည်း ပိုမိုတိုးမြှင့်ကာ ကူညီထောက်ပံ့ပေးခဲ့ပြီးဖြစ်သည်။
အဆိုပါ သင်တန်းများကို အောင်မြင်စွာ တက်ရောက်သင်ကြားပြီးဆုံးခဲ့သူများအနက်မှ စိတ်ပါဝင်စားသူ များအား မိမိတို့၏ သက်ဆိုင်ရာ ဒေသများ၌ အသိပညာ၊ အတတ်ပညာများကို မျှဝေပေးပြီး အနာဂတ်ခေါင်းဆောင်များကို တစ်ဖက်တစ်လမ်းမှ ကူညီမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် MPT သင်တန်းကျောင်း၌ ဆရာဖြစ်သင်တန်းများကိုလည်း ထပ်ဆောင်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။ သင်တန်းတက်ရောက်သူ ဆရာ၊ ဆရာမများအနေဖြင့် ၎င်းတို့ တတ်မြောက်ထားသည့် ပညာရပ်များကို ပြန်လည် မျှဝေနိုင်ရန်အတွက် ထိရောက်စွာဖြင့် အပြန်အလှန်သင်ကြားပို့ချပေးနိုင်မည့် နည်းစနစ်များကို မည်သို့ ဖန်တီးရမည်ဆိုသည့် နည်းလမ်းများကို သေချာစွာနှင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်သည်။ သင်တန်း ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားပို့ချမှု နည်းစနစ်များကို စနစ်တကျ ဖန်တီးအသုံးချနိုင်မှသာ ယခုအစီအစဉ်အတွက် အနာဂတ်တွင် အကျိုးကျေးဇူးကောင်းများကို ခံစားနိုင်ကြမည်ဖြစ်သည်။ ယင်းမှာ အသိပညာ၊ အတတ်ပညာများကို မျှဝေပေးခြင်းဖြင့် တာဝန်သိတတ် မှုနှင့် ကြိုးစားအားထုတ်မှုတို့ကို ပြသနေသည့် ဥပမာကောင်းတစ်ခုပင် ဖြစ်သည်။ MPT ၏ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ”အစီအစဉ်ဖြင့် ဖွင့်လှစ်သင်ကြားပေးနေသည့် သင်တန်းများကို NLD ပညာရေးကွန်ရက်နှင့် ပူးပေါင်းစီစဉ် ဆောင်ရွက်ထားခြင်း ဖြစ်သည်။

“ပညာရေးဆိုတဲ့ လက်နက်ဟာ ကမ္ဘာပေါ်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို တိုက်ဖျက်ကျော်လွှား နိုင်မယ့် အကောင်းဆုံးလက်နက်ဖြစ်တယ်လို့ ကျွန်တော်တို့ MPT အနေနဲ့ ယုံကြည်ထားပါတယ်။ ဒါ့ကြောင့်လည်း လူငယ်တွေအတွက် ပညာရေး ကဏ္ဍဟာ MPT အတွက်လည်း အလွန်အရေးပါတဲ့ လူမှု အကျိုးပြု ဆောင်ရွက်ချက်တွေထဲက ကဏ္ဍတစ်ခုပဲ ဖြစ်ပါတယ်။ အခု “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ် ပညာရေးဆီ” အစီအစဉ်ဟာ မြန်မာနိုင်ငံတစ်ဝန်း ဒစ်ဂျစ်တယ်နည်းပညာ တတ်ကျွမ်းမှုပိုင်း ကွာဟနေ တာတွေကို လျှော့ချပေးနိုင်ရုံသာမက ပြည်တွင်း၊ ပြည်ပ အလုပ်အကိုင် ဈေးကွက်မှာ အရေးပါတဲ့ ကျွမ်းကျင်မှုအတတ်ပညာတွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါဟာ MPT ကနေ အနာဂတ် မျိုးဆက်သစ်တွေကို တစ်ဖက်တစ်လမ်းက ကူညီထောက်ပံ့ ပေးနေသလို နိုင်ငံလူမှုစီးပွား ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကူညီထောက်ပံ့ပေးနေတာကိုလည်း ပြသနေတာပဲဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်မှုဌာနကြီးမှ အရာရှိချုပ် ဖြစ်သူ Mr. Yoshiaki Benino က ပြောကြားခဲ့သည်။

NLD မှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်က “MPT အနေနဲ့ မြန်မာ လူငယ်တွေအတွက် ဒီဂျစ်တယ်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းကနေ တစိုက်မတ်မတ်နဲ့ ကူညီပံ့ပိုးနေ တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါ့အပြင် ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာတွေရဲ့ ပံ့ပိုးကူညီမှုနဲ့သာဆိုရင် နည်းပညာပိုင်း ဖွံ့ဖြိုးတိုးတက်မှုတွေကို အသုံးချပြီး စိန်ခေါ်မှုအားလုံး ကို အောင်မြင်စွာ ကျော်လွှားနိုင်တဲ့ ဒီဂျစ်တယ်နည်းပညာ မြန်မာနိုင်ငံတော်ကြီးကို တည်ဆောက် သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ပြောကြားသွားခဲ့သည်။

“ဒီအစီအစဉ်ကတော့ ကျွန်တော့်အတွက် အရမ်းကို ကောင်းတဲ့အတွေ့အကြုံပါပဲ။ သင်တန်းဆရာ၊ ဆရာမတွေကလည်း အရမ်းတော်ကြပါတယ်။ ဒီထက်ကောင်းတဲ့ အတွေ့အကြုံမျိုး ရရှိဖို့တောင် ဖြစ်နိုင်မယ် မထင်ပါဘူး။ MPT နဲ့ NLD ပညာရေးကွန်ရက်တို့ ပူးပေါင်းဖွင့်လှစ် ပေးထားတဲ့ ဒီသင်တန်းတွေက ကွန်ပျူတာနည်းပညာပိုင်း ကျွမ်းကျင်မှုတင်မဟုတ်ဘဲ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းကောင်းတွေရရှိဖို့ များစွာအထောက်အပံ့ဖြစ်စေပါတယ်။ ဒီသင်တန်းကနေ ရရှိလာတဲ့ အသိပညာ၊ အတတ်ပညာတွေကြောင့် လက်တွေ့မှာ အလုပ်ရှာဖွေရတာ အများကြီး လွယ်ကူသွားပါတယ်။ အလုပ်မှာလည်း တတ်မြောက်ထားတဲ့ ပညာတွေကို အသုံးချပြီး ပိုမိုတိကျလျင်မြန်စွာနဲ့ လုပ်ဆောင်နိုင်တော့မှာဖြစ်လို့ အရမ်းပဲ စိတ်လှုပ်ရှားနေပါတယ်။” ဟု MPT ၏ “ရှေ့သို့လှမ်းချီ ဒီဂျစ်တယ်ပညာရေးဆီ” အစီအစဉ်မှ သင်တန်းဆင်းတစ်ဦး ဖြစ်သူ ကိုသားငယ်လွင် က စိတ်လှုပ်ရှားစွာ ပြောကြားခဲ့သည်။

MPT အနေဖြင့် ဒီဂျစ်တယ် နည်းပညာ တတ်ကျွမ်းမှု ကွာဟချက်လျော့ချရေးကို နည်းလမ်းမျိုးစုံဖြင့် တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ MPT Telecenter ပေါင်း ၁၅၀ ကျော်၌ လူအများအတွက် အသုံးဝင်ပြီး အကျိုးရှိသည့် သတင်းအချက်အလက်များ၊ ဆက်သွယ်ရေး ဝန်ဆောင်မှုများကိုလည်း မျှဝေပေးအပ်လျက်ရှိသည်။ ထို့အပြင် MPT ၏ မြန်မာလူငယ်နည်းပညာ စွန့်ဦးတီထွင်ဖွံ့ဖြိုးရေးအစီအစဉ်ဖြင့်လည်း မြန်မာ့လူငယ်စွန့်ဦးတီထွင်သူများအတွက် ဒီဂျစ်တယ် နည်းပညာများဖြင့် စီးပွားရေးလုပ်ငန်းများကို တည်ထောင်ပြီး မြန်မာနိုင်ငံ၏ ဒီဂျစ်တယ်လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးရေးကို အထောက်အကူ ဖြစ်စေရန် ကူညီပေးလျက်ရှိသည်။

MPT အနေဖြင့် အနာဂတ်မျိုးဆက်သစ်လူငယ်များအတွက် အကျိုးဖြစ်ထွန်းစေရန် အဓိကကျသော လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ကဏ္ဍကြီးများ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များကို တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိသည်။ ဆက်သွယ်ရေး ကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် MPT သည် “နှလုံးသားထဲကမြန်မာ” အစီအစဉ်ဖြင့် MPT သုံးစွဲသူများနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုပတ်ဝန်းကျင်ကို အထောက်အပံ့ပြု ဆောင်ရွက်လျက်ရှိ ပါသည်။

MPT ၏ လူမှုအကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများနှင့် လူငယ်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ချက်များကို အသေးစိတ်သိရှိလိုပါက http://mpt.com.mm/en/about-home-en/csr-activities/ သို့ ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ပါသည်။